(+95) 094-0176-4020
 

  .

 ရခိုင်ပြည်နယ်၊မောင်တောဒေသတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်၀င်ရောက်လာမည့်သူများအတွက် ပြန်လည်လက်ခံရေးအစီအစဉ်များနှင့်UEHRDစီမံကိန်းတွင် ကုလသမဂ္ဂအဖွဲ့များပါဝင် ဆောင်ရွက်နိုင်ရေးကိစ္စနှင့်စပ်လျဉ်း၍  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးနှင့် UNRC/HC တို့မှ သီးခြားစီလာရောက်တွေ့ဆုံ

 

 

၅.၁.၂၀၁၈၊ နေပြည်တော်

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး H. E. Mr. Scot Marciel နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC/HC)ဖြစ်သူ Mr. Knut Ostbyတို့က ယနေ့တွင် အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ၌ လာရောက်တွေ့ဆုံပါသည်။

 

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်နိုင်ငံသံအမတ်ကြီး နှင့်တွေ့ဆုံရာတွင် သံအမတ်ကြီးက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအား ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာ ချထားရေးကိစ္စရပ်များ၊ မြေပုံမြို့နယ်မှ တောင်ပေါ်ကယ်ဆယ်ရေးစခန်းပိတ်သိမ်းရေးကိစ္စများ၊ IDP စခန်းများတွင် နေထိုင်သူများအတွက် လူမှုရေးနှင့်ဥပဒေဆိုင်ရာကန့်သတ်ချက်များ လျော့ချနိုင်ရေးကိစ္စများ၊ နိုင်ငံသားစိစစ်ရေးခံယူရန် (NV)ကတ် ထုတ်ပေးရေးလုပ်ငန်းများ၊ လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှု တည်ဆောက်နိုင်ရေးကိစ္စများနှင့် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများအား ကျယ်ပြန့်စွာ သိရှိနိုင်ရေးအတွက် သတင်းမီဒီယာသမားများအား မောင်တောဒေသသို့ဖိတ်ခေါ်၍ မြေပြင်အခြေအနေများ သိရှိစေနိုင်ရေးဆောင်ရွက်ရန်ကိစ္စများ၊ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသများတွင် ထိုင်းနိုင်ငံမှပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအတွက် ဆောင်ရွက်ပေးမည့် လူထုဖွံ့ဖြိုးရေးစီမံကိန်းအတွက် အမေရိကန်အစိုးရမှ အမေရိကန်ဒေါ်လာ သန်း ၅၀ ကူညီပေးမည့် ကိစ္စရပ်များနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ ပြဌာန်းနိုင်မည့် အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ပါသည်။

 

ပြည်ထောင်စုဝန်ကြီးမှ ရခိုင်ပြည်နယ်ကိစ္စအတွက် UEHRDထူထောင်၍ အဓိကရည်ရွယ်ချက် (၃)ရပ်အား အကောင်အထည်ဖေါ်ဆောင်ရွက်နေမှုများ၊ လူသားချင်းစာနာကူညီမှုလုပ်ငန်းအတွက် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတို့ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သဘော တူညီချက်များအတိုင်း စတင်အကောင်အထည်ဖေါ်နေသည့်ကိစ္စရပ်များ၊ ဖွံဖြိုးတိုးတက်ရေးအတွက် အထူးလုပ်ငန်းအဖွဲ့(၉)ဖွဲ့ ဖွဲ့စည်း၍ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ငြိမ်းချမ်းမှုရှိရေးဆောင်ရွက်နေသည့် ကိစ္စများအားရှင်းလင်းပြောကြားပြီး National Verification Card ကိုင်ဆောင်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ကချင်ပြည်နယ်ရှိ နေရပ်စွန့်ခွာရွှေ့ပြောင်းသူများအတွက်  ဝန်ကြီးဌာနမှဆောင်ရွက်ပေးနေသည့်ကိစ္စရပ်များ၊ မြန်မာ-ထိုင်းနယ်စပ်ရှိ မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက်လိုသူများအတွက် မြန်မာနှင့်ထိုင်းနိုင်ငံတို့၏ သက်ဆိုင်ရာ ဝန်ကြီးဌာန(၂)ခု ညှိနှိုင်းဆောင်ရွက်နေသည့်လုပ်ငန်းများ၊ ဝန်ကြီးဌာနမှဦးဆောင်၍ ရေးဆွဲထားသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေနှင့် အမျိုးသမီးများအားအကြမ်းဖက်မှု ကာကွယ်တာဆီးရေးဆိုင်ရာဥပဒေကိစ္စရပ်များ၏နောက်ဆုံးတိုးတက်မှုအခြေအနေများအားဆွေးနွေးခဲ့ပါသည်။

 

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး (UNRC/HC)ဖြစ်သူ Mr. Knut Ostby နှင့်တွေ့ဆုံရာတွင် ဒီဇင်ဘာလ(၇)ရက်နေ့က UEHRDစီမံကိန်းအား သံတမန်များနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများအား အသိပေးရှင်းလင်းခဲ့ခြင်းကို ကျေးဇူးတင်ရှိပါကြောင်း၊ အဆိုပါရှင်းလင်းပွဲနောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို သိလိုပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့အစည်းများအနေဖြင့် UEHRD စီမံကိန်းအရ ပူးပေါင်းဆောင်ရွက်ရန် လေ့လာဆန်းစစ်မှု(Assessment)တစ်ရပ်ဆောင်ရွက်လိုပါကြောင်း၊ IDPကယ်ဆယ်ရေးစခန်းများ ပိတ်သိမ်းရေးနှင့်စပ်လျဉ်း၍ ကူညီဆောင်ရွက်ရန် မိမိတို့ဘက်မှ အဆိုပြုလွှာတစ်စောင် ပေးပို့လိုပါကြောင်း ဆွေးနွေးပါ သည်။

 

ပြည်ထောင်စုဝန်ကြီးက UEHRDစီမံကိန်းအရ ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် နေရပ် စွန့်ခွာသူများအားလုံးနီးပါးသို့ လူသားချင်းစာနာမှုအကူအညီများ လွှမ်းခြုံပေးအပ်နိုင်ခဲ့ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှပြန်လည်ဝင်ရောက်လာသူများအား ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံသဘော တူညီချက်အရ ၂၀၁၈ခုနှစ်၊ ဇန်နဝါရီလကုန်ပိုင်းတွင် ပြန်လည်လက်ခံနိုင်ရေးအတွက် ကြိုဆိုရေး စခန်း(၂)ခု အပြီးသတ်တည်ဆောက်နိုင်ရေးစီစဉ်လျက်ရှိပါကြောင်း၊ ၄င်းကြိုဆိုရေးစခန်းတွင် စိစစ်လက်ခံပြီးသူများကို လှဖိုးခေါင်ကျေးရွာရှိ ယာယီစခန်းတွင်ခေတ္တနေထိုင်ရမည်ဖြစ်ပါကြောင်း၊ အိုးအိမ်ရှိသူများအနေဖြင့် ၄င်းတို့အိမ်ရာသို့ ပြန်လည်နေထိုင်နိုင်ပြီး၊ အကြမ်းဖက်ဖြစ်စဉ် အတွင်းအိမ်ရာများမီးလောင်ခံရသူများအနေဖြင့် အိမ်ရာတည်ဆောက်ပြီးပါက ရွှေ့ပြောင်းနိုင် ကြောင်း၊ အဆိုပါအိမ်ရာများတည်ဆောက်ရေးတွင် ဆန္ဒရှိပါက Cash for Workအစီအစဉ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပါကြောင်း၊ ဖွံ့ဖြိုးရေးအတွက် UEHRD အထူးလုပ်ငန်းအဖွဲ့(၉)ဖွဲ့မှ သက်ဆိုင်ရာဒေသများတွင် စီးပွားရေးရင်းနှီးမြှပ်နှံမှုများဆောင်ရွက်၍ အလုပ်အကိုင်ဖန်တီး ပေးနိုင်ရေးစီစဉ်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်သဘောတူညီချက်အရ ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်တွင် အစိုးရ၏ ဦးဆောင်မှုဖြင့် UNHCR ပါဝင်နိုင်မည့်ကဏ္ဍကို ဖေါ်ပြထားပါကြောင်း၊ ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းဆောင်ရွက်မည့် စီမံချက်တွင် ကုလသမဂ္ဂအဖွဲ့များ ပါဝင်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ နှင့်IDP ကယ်ဆယ်ရေးစခန်းများပိတ်သိမ်းရေးတွင် ကုလသမဂ္ဂအဖွဲ့၏ အဆိုပြုလွှာကို ပေးပို့နိုင်ပါ ကြောင်းဆွေးနွေးခဲ့ပါသည်။

 

 

  

Search

How you can help

We have 19 guests and no members online